စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

23 Jul 2012

စားကြမယ်ဟေ့ ကောင်းကောင်း -၂၅


ဒီတခါတော့ lemon chicken ချက်မယ်နော်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ -
  • ကြက်သား
  • ကြက်ဥ
  • ပြောင်းမှုန့် 
  • ပဲငံပြာရည် အနောက်
  • သံပုရာသီး
  • ဆော်ဒါ
  • ဆီ/ ဆား / သကြား

ကြက်ရင်ပုံသားကို အတုံးသေးလေးတွေတုံး ရေစင်စင်ဆေးပြီး ဆား ၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် (အနောက်) တို့ နဲ့ နယ်ပြီး ၁၀ မိနစ်ခန့် နှပ်ထားပါတယ်။


ကြက်သားနှပ်ထားစဉ် အတွင်း ကြက်ဥတစ်လုံးဖောက်ထည့် ပြောင်းမှုန့် ၊ baking soda ၊ ဆား အနည်းငယ်ထည့်ပြီး မွှေထားပါ။ မွှေပြီးရင် နှပ်ထားတဲ့ ကြက်သားထဲ လောင်းထဲကာ ဆီပူမှာ ကြော်ပါမယ်နော်


Lemon အရည် လုပ်ဖို့ အတွက်က ကြက်သားမှုန့် ကို ရေဖျော်ပြီး သကြား ၊ ဆား ၊ ပြောင်းမှုန့်  အနည်းငယ် ထည့်ပြီး မွှေပါ။ ပြီးရင် lemon အဝိုင်းလေးတွေ ထည့်ကာ မီးဖိုပေါ်တင်ပြီး ကျိုပေးပါ။



ခုဏကြော်ထားတဲ့ ကြက်သားတွေ ဆီစစ်ပြီးပြီဆိုရင် လီမွန်အရည်ကို အပေါ်က လောင်းထည့်ပြီး ချဉ်ပြုံးပြုံး နဲ့ စားသုံးနိုင်ပါပြီနော် :-)


အချိုးအစားကတော့ ရေးတော့ဘူးနော်။ မှန်းသာချက် ။ စားကောင်းမှာ သေချာတယ်။

 အောက်က ဗွီဒီယိုလေးကတော့ ကြာပါပြီ။ အခုပြန်ကြည့် အခုရယ်ရလို့ ။ ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ။ hehe ... haha ... hoho ...

20 Jul 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၂၄

မင်္ဂလာပါရှင် ။ ဒီတခါတော့ ကြက်သီဟိုစေ့ အချိုချက်မယ်နော် ။ပါဝင်ပစ္စည်းတွေကတော့ -
ကြက်သား
သီဟိုစေ့
ကြက်သွန်ဖြူ၊ နီ ၊ ဂျင်း
ပဲငံပြာရည် အနောက်
ဟင်းခတ်မှုန့် 
ဆီ  ၊ ဆား

 ကြက်သားကိုရေဆေးပြီး ဆား ၊ ဟင်းခတ်မှုန့် တို့ နဲ့ နယ်ပြီး နှပ်ထားပါတယ်။ ပြီးရင် ကြက်သွန်ဖြူ ၊ နီ ဂျင်း ထောင်းပြီး နှပ်ထားတဲ့ ကြက်သားထဲရော ပဲငံပြာရည် ၊ ဆီ လောင်းထည့်ပြီး ကြက်သားအရည် တင်းအောင် အနည်းငယ် မွှေပေးပြီး ရေထည့်ကာ တည်ထားပါ။ ကြက်သားနူးလောက်ပြီဆို သီဟိုစေ့ထည့် ကာ စားသုံးနိုင်ပါပြီ။ သီဟိုစေ့ ပျော့တာ ကြိုက်ရင်တော့ စောစော ကြိုထည့်ပေါ့နော်။ သူမကတော့ သီဟိုစေ့ ပျော့တာ မကြိုက်တာနဲ့ ချခါနီးမှ ထည့်ဖြစ်တယ်။ ထမင်းပူပူလေးနဲ့ စားလို့ မြိန်တဲ့ ဟင်းတစ်ခွက်ပေါ့နော်။



အရံဟင်းအနေနဲ့ ကြက်ဟင်းခါးသီး ကိုအစာသွပ်ကြော်ပါတယ်။ အစာသွပ်ဖို့ အတွက် ကြက်ဟင်းခါးသီးကို  အနေတော် အဝိုင်းလေးတွေ လှီး ဆားနဲ့ နယ်ပြီး ရေဆေးထားပါမယ်။ အစာသွပ်ဖို့ အတွက် ပုဇွန်ခြောက် ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီး အကြမ်းဖက် ကိုရောထောင်းကာ ဟင်းခတ်မှုန့် ၊ ဆားတို့ နဲ့ နယ်ပြီး အစာသွပ်ပြီး ကြော်ရုံပါပဲ။ အစာသွပ်တဲ့ အခါမှာ အဝတွေ ကြပ်နေအောင် ထည့်ပေးအုန်းနော်။ မဟုတ်ရင် ကြော်တဲ့ အခါ ထွက်ကုန်မှာစိုးလို့ ။ ပုဇွန်ခြောက် အလွယ် ဝယ်မရခဲ့ရင် ငါးလုံး ၊ ပုဇွန်လုံး တွေ ထည့်ကြော်ရင်လည်း အရမ်းစားကောင်းတယ်နော် :)



9 Jul 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၂၃

ဒီနေ့ တော့ ဝက်သား နဲ့  သရက်သီးခြောက် ချက်မယ်နော် - ဟင်းမချက်မှီ နာရီဝက်လောက် ထဲက သရက်သီးခြောက် လက်တစ်ဆုပ် စာလောက်ကို ရေစိမ်ထားပါတယ်။

ဝက်သားအနေတော် တုံးပြီး ရေဆေး ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် တို့ နဲ့ နယ်ပြီး ခဏ နှပ်ထားပါတယ်။
ပြီးရင် နှပ်ထားတဲ့ ဝက်သားအိုးထဲကို ဂျင်း ၊ ကြက်သွန်ဖြူ ထောင်း၊ ရေစိမ် ထားတဲ့ သရက်သီး ရော၊ ငပိနည်းနည်း ထည့် ၊ ဆီ အနည်းငယ်ထည့်ပြီး တည်ထားရုံပါပဲ။ ဟင်းအိုးကျတ်ရင် အပေါ့ ၊ လေး မြည်းပြီး စားသုံးနိုင်ပါပြီနော် ။


သရက်သီး အချဉ်အရသာက ဝက်အဆီတွေထဲထိ ဝင်ပြီး ခံတွင်းလည်းကောင်း ၊ ထမင်းစားလို့ လည်း မြိန်စေပါတယ်။ :)


ငါးရံ့ ခြောက်ကို ထမင်းနဲ့ နယ်စားလို့ ရအောင် အစိုကြော် ထားပါတယ်။ အလုပ်များတဲ့ ရက်တွေဆို ဟင်းမချက်နိုင်ရင် အလွယ်တကူ စားနိုင်အောင်ပေါ့။

ငါးရံ့ ခြောက်ကို နူးနေအောင် ပြုတ်ပြီး အသားတွေ နွှာ၊ ကြက်သွန်နီကို မခြောက်တခြောက်လေး ကြော် ၊ ချခါနီး ဟင်းခတ်မှုန့် နဲ့ ငရုတ်သီး (အကြမ်းဖတ်) အနည်းငယ် ထည့်ပြီးကြော်ပါတယ်။ အထားလည်းခံ စားလို့ လည်း ကောင်းပါတယ်။