စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

8 Apr 2013

စားကြမယ့်ဟေ့ ကောင်းကောင်း - ၃၀

ချစ်သော မိတ်ဆွေများ မင်္ဂလာပါရှင် .. ဒီတစ်ခါတော့ လွယ်ကူ ရိုးရှင်းတဲ့ တို့ ဟူး ထမင်းနယ် စားရအောင်နော်။ တို့ ဟူး ထမင်း လုပ်ဖို့ အတွက် တစ်နာရီလောက် စောပြီး တို့ ဟူး ကျိုထားပါတယ်။ ကြက်သွန်ဖြူ ဆီချက် ချက်ပါတယ်။ တို့ ဟူးသားတွေ မာလာလာပြီဆိုရင်  ပါးပါးလှီးပြီး ငံပြာရည် ၊ ကြက်သားမှုန့် ၊ မန်ကျည်းနှစ်ရည် ၊ ငရုတ်သီးမှုန့်  ၊ ဆီချက်ထည့်ကာ နယ်ပါတယ်။ ပြီးမှ ထမင်းဖွဖွ နယ်ထားတာကို ရောထည့်ပါတယ်။ (ထမင်းနဲ့ နယ်မှာ ဖြစ်တဲ့ အတွက် ပါဝင်ပစ္စည်း တွေကို သုတ်နေကျထက် နည်းနည်းပို ထည့်ပေးပါ ) ။ ပြီးရင် ကြက်သွန်ကြော်လေး အပေါ်ကဖြူး ၊ ငရုတ်သီးတောင့်လုံးကြော်လေးကိုက်ကာ ၊ ရေနွေးကြမ်း နဲ့ တွဲဖက် သုံးဆောင် နိုင်ပါပြီနော် ...


အားတုန်းလေး အင်ဒိုနီးရှား စတိုင်လ် ကြက်ကြော် ကြော်စားဖြစ် ပါတယ်။ လိုအပ်တဲ့ ပါဝင် ပစ္စည်းတွေကတော့ -
  • ကြက်သား
  • ဂျင်း
  • ကြက်သွန်ဖြူ
  • စပလင်
  • ရှောက်ရွက်
ကြက်ကြော် ကြော်ဖို့ အတွက်  ကြက်သားကို ရေဆေး ဆား ၊ ဟင်းခတ်မှုန့်  နယ်ထားပါ။ ပြီးရင် ဂျင်း ၊ ကြက်သွန်ဖြူ ၊ စပလင် ကို ဘလန်ဒါနဲ့ ညက်အောင် ကြိတ်လိုက်ပြီး ကြက်သားနဲ့ ရောနယ် ၊ ဆနွင်းမှုန့် အနည်းငယ်ထည့်၊ ရှောက်ရွက် ထည့်ကာ နာရီဝက်လောက် နှပ်ထားပါ။ နာရီဝက်ပြည့်ရင် ရေထည့် မီးဖိုပေါ်တင်ပြီး ပြုတ်ပါတယ်။ ခဏလောက် ပြုတ်ပြီးပြီဆို ဆယ်ကာ ဆီပူပူမှာ ပြန်ကြော်ပြီး စားသုံးနိုင်ပါပြီ။ နလံထစ လူမမာ အတွက်လည်း ခံစားမြိန်စေမယ့် အင်ဒိုနီးရှား စတိုင် ကြက်ကြော်ပါ။


 ပျဉ်းတော်သိမ် နည်းနည်းရှိလို့ ထည့်ကြော်လိုက်တယ်။


KFC သွားဝယ်စားရင် အလွယ်လေးကို အလုပ်ရှုပ်ခံပြီး အိမ်တင်ကြော်စားကြည့်တာပါ။ youtube မှာ ကြည့်လိုက်တော့ လွယ်လို့ လုပ်စားဖြစ်တာလည်း ပါပါတယ်။ ကြက်ကြော် အတွက် လိုအပ်တာ တွေကတော့ -
  • ကြက်သား
  • ဂျုံ
  • နွားနို့ 
  • ကြက်ဥ

၁)ကြက်သားကို ရေစင်စင်ဆေးပြီး ဆား ၊ ဟင်းခတ်မှုန့် တို့ နဲ့ နယ်ထားပါ။  ၂)ကြက်ဥတစ်လုံးထဲကို နွားနို့ အနည်းငယ်ရောပြီး ခေါက်ထားပါ။ 
၃)ဂျုံမှုန့် ထဲကို ဆား ၊ ဟင်းခတ်မှုန့် ၊ garlic powder ၊  Paprika ထည့် ပြီး နှံအောင် မွှေပါ။ (အစပ်ကြိုက်ရင် ငရုတ်မှုန့်  နည်းနည်း ပိုထည့်ပါ)

အားလုံး အဆင်သင့် ဖြစ်ပြီဆို ကြက်သားကို ကြက်ဥ ခေါက်ထားတဲ့ အရည်ထဲ နှစ် ဂျုံမှုန့် လူးလိုက်ပါ။ အနှစ်ထူထူ ကြိုက်ရင် နောက်တစ်ခေါက် ကြက်ဥရည်ထဲ ပြန်နှစ်ပြီး ဂျုံ မှုန့် ထပ်လူးပါ။ ပြီးရင် ဆီပူပူမှာ မီးအေးအေးနဲ့ ကြော်ပါ။ (ဆီကို ကြက်သား မြှပ်အောင်တော့ ထည့်ထားပါနော်။ ) ပြီးရင် ကြိုက်နှစ်သက်ရာ sauce နဲ့ တွဲဖက် စားနိုင်ပါပြီ။




ဒါကတော့ popcorn chicken စတိုင်လ်မျိုး ၊ မသေးမကြီး တုံးထားတဲ့ ကြက်သားကို ဆား ၊ ဟင်းခတ်မှုန့်  ၊ ဒိန်ချဉ် ၊ ငရုတ်ကောင်းမှုန့် ထည့် နာရီဝက်လောက် နှပ်ထားပြီး ဂျုံမှုန့် လူးကာ ကြော်ပါတယ်။ ဆီကြော်ကတော့ ရွရွလေးနဲ့ စားလို ကောင်းပါတယ်။ အရွက် လေး ရှိလို့ တွဲ စားရင် လည်ချောင်းထဲ နေလို ထိုင်လို ပိုကောင်းပါတယ်လေ။ :)


လာမယ့်နှစ်သစ်မှာ မိတ်ဆွေ အပေါင်း ဘေးဘယာ ကင်းကွာပြီး ပျော်ရွှင်မှု အပေါင်းနဲ့ ပြည့်စုံကြပါစေရှင် .. :)