ဒီတစ်ခါတော့ အပြင်မှာ စားဖြစ်ရင် အမြဲမှာနေကျ ဟင်းအတွဲကို အိမ်မှာဘဲ ချက်စားဖြစ်တယ်။ ဟင်းအကြောင်း မရေးခင် အလုပ်ထဲက အကြောင်းရေးအုန်းမယ်နော်။ ဟင်းချက်နည်းက လွဲပြီး တစ်ခြားအကြောင်း ရေးစ မရှိတော့ သည်းခံပြီး ဖတ်ပေးကြအုန်းနော်။
ဒီမှာက အလုပ်လာတဲ့ လူတွေ ကိုယ့်ဆီလို ထမင်းဗူး ဘယ်သူမှ မထည့်ကြဘူး။ အလုပ်ထဲက လူတွေ စုပြီး စားကြ ၊ ကိုယ်ကြိုက်တာ ကိုယ်ဝယ်စားကြတွေ ချည်းပဲ။ အပြင်မှာ စုစားကြရင်လည်း သူတို့ တရုပ်ဟင်းတွေ သူမတော့ သိပ်မကြိုက်ဘူး ။ ချိုစိစိနဲ့ ။ ဘယ်ဟင်းကြည့်ကြည့် ပဲငံပြာရည် လွတ်တာကို မရှိဘူး။ ဒါပေမယ့်လည်း လူအများနဲ့ ဆိုတော့ ရေလိုက် ၊ ငါးလိုက် လိုက်စားရတာပါပဲ။ ဒါပေမယ့် ဝက်သား နဲ့ ကြက်ဟင်းခါးသီးစွပ် ၊ ငါးအစပ်ချက် ၊ ဖလံတောင်ဝှေးကြော် အဲဒီ ဟင်းအတွဲ စားတဲ့နေ့ ဆိုရင်တော့ ထမင်းတော်တော် များများ စားမှန်း သိကြတော့ ခဏ ၊ ခဏ သွားစားဖြစ်ကြတယ်။ ဒါနဲ့ သူမလည်း အိမ်တင် ချက်ကြည့်မယ်ဆို ပြီး လက်စွမ်းပြလိုက်တာ တော်တော့်ကို စားကောင်းတယ်။ မိတ်ဆွေတွေလည်း ချက်စားကြည့်နော်။
ဝက်သား ကို အတုံးသေးလေးတွေ တုံးပြီး ပဲငံပြာရည် ၊ ဆား ၊ ဟင်းခတ်မှုန့်  ၊ ဂျင်းထောင်းထားတာ နယ်ပြီး နူးအောင် ပြုတ်ထားပါ။
ကြက်ဟင်းခါးသီးကို အတုံးသေးလေးတွေ တုံးပြီး ဆားနဲ့ နယ်ပြီး ရေဆေးပါ။ ပြီးရင် မခါးအောင် ကြက်ဟင်းခါးသီးတွေကို တစ်ရေပြုတ်ပြီး ရေတွေ သွန်လိုက်ပါ။ ပြီးရင် နူးနေတဲ့ ဝက်သားအိုး ထဲကို ကြက်ဟင်းခါးသီးဖတ် တွေထည့်ပါ။ ဆား၊ ဟင်းခတ်မှုန့် တော့ လိုသလို ထည့်ပါ။ ဟင်းအိုးရပြီဆို စားခါနီးကျ ငရုတ်ကောင်းမှုန့် လေးအုပ် ၊ ကြက်သွန်ကြော်လေး ဖြူးကာ သုံးဆောင်ပါ။
(ဒီဟင်းက ဝက်အသားချည်းပဲ ချက်တာ ပိုစားကောင်းတယ်။ သူမတော့ ချက်တဲ့နေ့ က ဝက်သားထုပ် ဝယ်လာပြီး အိမ်ရောက်မှကြည့်တော့ အသားကဆို အဆီနား ပြားကပ်နေတာပဲ။ သုံးထပ်သားနဲ့ မှ မချက်ရင်လည်း မဖြစ်တာနဲ့ ချက်လိုက်ရတယ်လေ။ ဟိ အဆီတော့ နည်းနည်း များသွားတယ်)

ငါးချဉ်စပ် ပေါင်းပါ။ သူကတော့ ချက်ရတာ လွယ်လို့ မရေးတော့ဘူးနော်။
ဟင်းတွေ ချက်ပြီးပြီဆိုတော့ ရောက်တက်ရာရာ ရေးအုန်းမယ်နော်။
အမှိုက် -
တခြားမြို့ တွေထက် ရန်ကုန်နောက်ဖေး လမ်းကြားတွေ တစ်အားကို ညစ်ပတ်သလိုပဲ။ သူမတို့ ကျောင်းတက်တုန်းက သူငယ်ချင်းတစ်တွေ ကျောင်းပြီးရင် ရန်ကုန်မှာ အလုပ်ရှာပြီး မြေညီထပ်လေး စုငှားကြမယ် စိတ်ကူးကြတာပေါ့။ ဒါမှ အလုပ်က ပြန်လာရင်လည်း မော၂ပမ်း၂တက် မနေရတော့ဘူးပေါ့။ ကျောင်းပြီးလို့ မြေညီထပ်တွေလည်း ရှာမယ်လုပ်ရော အသိ အစ်မ တစ်ယောက်က မြေညီထပ်တော့ လုံးဝ မရှာနဲ့ ။ ပထမထပ်ကိုပဲ ရှာလို့ အတင်းတိုက်တွန်းတယ်။ မြေညီထပ် အကြောင်းသိချင်ရင် ငါ့နေတဲ့ အခန်းသာ လိုက်ကြည့်ဆိုလို့ ကြည့်လိုက်ပါတယ်။ နောက်ဖေး ပြတင်းပေါက်ကနေ မြင်ရတဲ့ အမှိုက်တွေဆိုတာ ဒင်းကြမ်းဘဲ ။ နောက်ပိုင်း ကိုယ်တွေလည်း အဆင်ပြေတဲ့ နေရာတွေ ပြောင်းနဲ့ ကျောက်မြောင်းဘက် ရောက်သွားတယ်။ ကိုယ်နေတဲ့ ဘက်မှာတော့ အမှိုပ်ပစ်စရာ အမှိုက်ပုံတော့ မရှိပေမယ့် ပိုက်ဆံပေးလိုက်ရင် ပစ်ပေးတဲ့ စနစ်က ပေါတယ်လေ။ ခေါင်းလောင်းကြိုး လာဆွဲတာနဲ့ ပိုက်ဆံလေးပေး ပစ်ရတဲ့ ကိုယ်တူကိုယ်ထ စနစ် ရှိတာတောင် ညညဆို အပေါ်ထပ်တွေကနေ အထုပ်ပစ်ချသံက နေတိုင်းနီးပါး ကြားနေရတာပဲ။ အမှိုက်ပစ်ရမဲ့နေရာလေးတွေ သေချာ စီစဉ်ပေးရင် သိပ်ကောင်းမှာဘဲ ။
တန်းစီခြင်း -
ကိုယ်ရောက်ဖူးတဲ့ နေရာတော်၂ များ၂မှာ စနစ်တစ်ကျ တန်းစီတာကိုက အကျင့်ပါနေကြပြီ။ ဘယ်နေရာပဲ ရောက်ရောက် Q No လေး ယူပြီး ထိုင်ခုံမှာ အေး၂လူ၂ ထိုင်နေကြတာပဲ။ ကားဂိတ် ဆိုလည်း တန်းစီပြီး တက်ကြနဲ့ စည်းကမ်းလည်း ရှိတယ်။ ဟိုတလောက စာအုပ် သက်တမ်းတို့ ဖို့ လိုတာနဲ့ သံရုံးသွားပါတယ်။ ခုံတွေလည်း ရှိတာကို တစ်ယောက်မှ ထိုင်မနေကြဘူး။ ကောင်တာရှေ့မှာပဲ အုံ့ နေကြတယ်။ ကိုယ်အလှည့်လည်း ရောက်ရော မနည်းတိုးဝှေ့ ပြီး ဝင်ရတာ ဘယ်သူက ဖိနပ်တက်နင်းလိုက်တယ် မသိပါဘူး ။ နောက်သိုင်းတဲ့ ကွင်းက ချောင်ထွက်သွားတော့ အလကားနေရင်း ဖိနပ်တစ်ရံဖိုး ထွက်သွားပါလေရော ။ လူတွေရဲ့ စိတ်တွေကပဲ အတင်းလောနေလို့ လား ၊ တန်းစီရတာကို ဝါသနာ မပါတာလား မသိတော့ပါဘူး ။ :(
နောက်မှ အတွေ့ အကြုံ လေးတွေ ရေးအုန်းမယ်။ အချိန်ပေးပြီး လာဖတ်ပေးတဲ့ မိတ်ဆွေများကို အထူးကျေးဇူးပါလို့ ။