စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

20 Feb 2012

စားကြမယ့်ကောင်းကောင်း - ၁၃

ဒီတခါ အလှည့်ကျတာကတော့ ကြက်သား၊ အာလူး အုန်းနို့ ချက် ၊ ငပိချက် (sambal belacan) တို့ ဖြစ်ပါတယ်။

ကြက်သား ၊ အာလူး ချက်ဖို့ အတွက်
  • ကြက်သားကို အနေတော် တုံး ၊ ရေစင်စင်ဆေးပြီး ဆား ၊ ဟင်းခတ်မှုန့် နဲ့ နယ်ပြီး နှပ်ထားပါတယ်။
  • အာလူးကိုလည်း အခွံနွှာ အနေတော်တုံး ရေစင်စင်ဆေးပြီး ဆား ၊ ဟင်းခတ်မှုန့် နဲ့ နယ်ထားပါတယ်။
  • ဆီသတ်ဖို့ အတွက် ကြက်သွန်ဖြူ ၊ နီ ထောင်းပါတယ်။
  • ချက်ဖို့ အဆင်သင့် ဖြစ်ပြီဆို မီးဖိုပေါ် ဆီအိုးတင်ပြီး ဆီကျက်ရင် ကြက်သွန်ဖြူ ၊ နီ ထောင်းကို ဆီသတ်ပါတယ်။ အရောင်နွမ်းသွားလောက်ပြီဆို ကြက်သား နဲ့ အာလူး ထည့်ပြီး အရေခွံများ တင်းလာအောင် ခဏလောက်မွှေပြီး ရေထည့်လိုက်ပါတယ်။ 
  • အားလူး ရော ကြက်သားရော နပ်လောက်ပြီဆို အုန်းနို့ အနည်းငယ် ပျဉ်းတော်သိမ် (curry leaf) အနည်းငယ် ထည့်လိုက်ပါတယ် ။


sambal belacan -
  • အရောင်လှဖို့ အတွက် ငရုတ်စို အပွတောင့် လက်တစ်ဆုပ်
  • အစပ် အတွက် ငရုတ်သီး အနီရောင် ၇ တောင့် (အစပ်ကြိုက်ရင်တော့ ပိုထည့်ပါ)
  • ခရမ်းချဉ်သီး နှစ်လုံး ကြော်ဖို့ အဝိုင်းလေးတွေ လှီးထားပါ (ခရမ်းချဉ်သီး သိပ်မကြိုက်ရင်တော့ တစ်လုံးပဲ ထည့်ပါ)
  • ကြက်သွန်ဖြူ ၃ မွှာ
  • ငပိ ဇီးဖြူသီး လောက်ခန့် 
  • ဆား ၊ ဟင်းခပ်မှုန့် ၊ ဆီ
  • အားလုံးပြင်ဆင်ပြီးပြီဆို  မီးဖိုပေါ် ဆီအိုးတင် ဆီကျက်ပြီဆို ကြက်သွန်ဖြူ အပူပေးရုံလောက် ကြော်ပါတယ်.ပြီးရင် ခရမ်းချဉ်သီး ဝိုင်းတွေ နဲ့ ငရုတ်သီးတွေ နွမ်းသွားအောင် ကြော်ပါ။ 
  • ငပိကို မီးဖုတ်ပါတယ်။
  • အဆင့်သင့် ရပြီဆို အားလုံးဆယ်ထားပြီး ငရုတ်ဆုံနဲ့  အပေါ်မှာ ရေးထားတဲ့ ပါဝင်ပစ္စည်းတွေ အကုန်ထည့်ထောင်းပါတယ်။
  • စားခါနီး ကြိုက်တက်ရင် သံပုရာသီးလေး ညစ်ထည့်ပါ။ ငပိ ကြိုက်မယ်ဆိုရင်တော့ ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပါပဲ 
 ငရုတ်ဆုံ အပက်လေး ရှိရင် ချေရတာ ပိုအဆင်ပြေပါတယ်။ အပက်မရှိတော့ လုပ်ရတာနည်းနည်း လက်ဝင်တာပေါ့
 

 ကြက်ခြေထောက်တွေကို အကြောမှုန့် ကပ် ကြော်ပြီး ဆလပ်ရွက် ၊ အချဉ်တို့ နဲ့ တို့ စားပါတယ် ။ဆလပ်ရွက် ကြိုက်လွန်းလို့ တခါတလေလည်း ဘာမှမပါဘဲ အသားလွတ် အချဉ်နဲ့ လည်း တို့ စားဖြစ်ပါတယ်


ဆီကြော်တွ စားတာ များသွားတဲ့ အတွက် သဘောင်္သီးနဲ့ ပြန်ထိန်းပါတယ်။ အားပေးကြပါအုန်းရှင် ။ ဈေးလည်း ချိုသလို အသီးကလည်း ချိုပါတယ် :)


12 Feb 2012

စားကြမယ်ဟေ့ကောင်းကောင်း - ၁၂

မင်္ဂလာပါရှင်။ ဒီတခါအလှည့်ကျတာကတော့ ဆိတ်သားခြောက်ဆီပြန်ဟင်း နဲ့ ဆိတ်သားခြောက် အမွချိုကြော်ပါ။ ဆိတ်သားခြောက် ဆီပြန်ချက်ဖို့ အတွက် 
  •  ဆိတ်သားခြောက်ကို ညနေစာ ချက်ဖို့ အနေတော် လှီးဖြတ်ပြီး မနက်ထဲက  ရေစိမ်ထားရပါတယ်။
  • ဆီသတ်ဖို့ ကြက်သွန်ဖြူ၊နီ ထောင်းပါတယ်။
  • ခရမ်းချဉ်သီး ပါးပါးလှီးထားပါတယ်။
  • အားလုံး ရယ်ဒီဖြစ်ပြီဆို မီးဖိုပေါ်တင် ကြက်သွန်ဖြူနီ နဲ့ ခရမ်းချဉ်သီး ကို ဆီသတ်ပြီး ဆိတ်သားခြောက်ထည့် ရေများများထည့်ထားပြီး မီးမှေးမှေးနဲ့ တည်ထားပါတယ်။




ဆိတ်သားခြောက်အမွချိုကြော်ဖို့ ဆိတ်သားအခြောက်ကို ရေနွေးနဲ့ နူးအောင်ပြုတ်ပြီး အမျှင်လေးတွေ ဖြစ်အောင် နွှာရပါတယ်။ ပြီးရင် ကြက်သွန်ဖြူ ကြော်ပြီး သပ်သပ်ခွဲထားပါတယ်။ ဆိတ်သားခြောက်ကြော်ဖို့ ခုဏမျှင်ထားတာတွေကို  ကြက်သားမှုန့် ၊ ဆားအနည်းငယ်ထည့်ပြီ မီးဖိုပေါ်မှာ မွလာတဲ့ အထိ ကြော်ပေးရပါတယ် ။ ရပြီဆို ကြက်သွန်ဖြူကြော်နဲ့ ရောနယ် အအေးခံပြီး လေလုံတဲ့ ဗူးထဲမှာ သိမ်းထားရင် ရက်အကြာကြီးထိ အထားခံပါတယ် ။



 မိုးကုတ်လက်ဖတ်ညွှန့် လေးတွေကို ငရုတ်သီး ၊ ကြက်သွန်ဖြူ ထောင်း ပုဇွန်ခြောက်ရောနယ်ပြီး ဆီရွှဲရွှဲလေး လောင်းထားတာပါ။  နှစ်ပြန်ကြော် ၊ ခရမ်းချဉ်သီး လေး နဲ့ တွဲဖက် သုံးဆောင်ကြပါအုန်းနော် ..

 


6 Feb 2012

စားကြမယ့်ဟေ့ ကောင်းကောင်း - ၁၁

ဒီနေ့ တော့ ငါးကင်ရယ် ၊ အသုတ်စုံများရယ် အလှည့်ကျပါတယ်။ငါးကင်ဖို့ အတွက် တီလားပီးယား ကို ရေစင်အောင်ဆေးပြီး ဆား၊ ကြက်သားမှုန့် နဲ့ အသားထဲဝင်အောင် နယ်ထားပါတယ်။ပြီးတော့ ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီး (အစပ်မကြိုက်ရင် မထည့်ပါနဲ့ ) စပလင်ထောင်းထား တာကို အစာသွပ်ပါတယ် ။ သူမက စပလင်နံကို အရမ်းကြိုက်လို့ အမြစ်ပိုင်း ကိုပါ ထပ်ထည့်လိုက်ပါတယ်။ ပြီးငါးကို ဆီလေးသုတ်ပြီး ကင်ပါတယ်။ ငါးကင်စားရင် အသားချည်းဖြစ်မှာ စိုးတာနဲ့ ရုံးပတီင်္လေးပါ တွဲကင်ပြီး အအီပြေ သံပရာသီးလေး ညှစ်စားပါတယ် ။ လုပ်ရတာ အရမ်းလွယ်သလို စားလို့ လည်း ကောင်းပါတယ်။ :)


အစုံသုတ်ပါ ။ တို့ ဟူးကြိုဖို့ ပဲမှုန့် စိမ်း အရံသင့် မရှိတာနဲ့ မထည့်လိုက်ရဘူး။ ထမင်းနီကတော့ မကြိုက်လို့  မထည့်ဖြစ်ဘူး။


နန်းကြီးသုတ်ပါ ။ နန်းကြီးသုတ်လုပ်ဖို့ ရာ နန်းအတုတ်ကြီးကို ရွေးဝယ်ရပါတယ်။ ကြက်သားဟင်းကို ပြစ်ပြစ်လေး ချက်ပြီး ပဲမှုန့် စီးစီးလေးနဲ့ သုတ်ထားတဲ့ နန်းကြီးသုတ်ပါ။ ဗယာကြော်အဆင့်သင့် ရှိမယ်ဆို ထည့်သုတ်ရင် ပိုပြီး ပြည့်စုံပါတယ်။


ဆီချက်ပါ။ ဆီချက်လုပ်ဖို့ ကြိတ်ခေါက်ဆွဲ အပြား၊ အလုံး နှစ်သက်ရာ ဝယ်ယူလို့ ရပါတယ်။ ဆီချက်ပြုလုပ်ပုံကတော့ ကြက်သားအရိုးတွေနဲ့ ရင်အုံသားကို ပြုတ်ထားပါတယ်။ နူးရင် အသားတွေ နွှာပြီး ခွက်တစ်လုံးထဲ ထည့်ပြီး ဖယ်ထားပါတယ်။ အရိုးကို ဟင်းရည်လုပ်ပါတယ်။ ပြီးရင် ကြက်သွန်ဖြူကို ထောင်းထားပါတယ်။ ဆီကို စိမ်းနံ ပျောက်အောင် မီးဖိုပေါ်တင်ပြီး ဆီချက်ချက်ပါတယ်။  အရောင်တင်မှုန့် လုံးဝမထည့်ပါဘူး။ ပြီးရင် ဆီချက်ပွဲပြင်ဖို့ အတွက် ကြက်သားဟင်းရည် နည်နည်းထည့်၊ ငံပြာရည်၊ ကြက်သားမှုန့် ၊ ပဲငံပြာရည်(ကြာညှို)ထည့်၊ ကြက်သွန်ဖြူထောင်းထားတာ ထည့် ၊ ခေါက်ဆွဲ ၊ပဲပင်ပေါက် ၊ ကြက်သားထည့်ပြီး ကြက်ရိုးဟင်းရည်လေးနဲ့ တွဲစားလို့ ရပါပြီ။



ထမင်းသုတ်ပါ ။ ဆား၊ ဟင်းခပ်မှုန့် ၊ထမင်း ၊ အာလူး၊ ကြာဇံ ၊ ငါးပြုတ်ပြီး အရိုးနွှင်ထားတာထည့် ၊ဆီချက်ဝါဝါထည့် ပြီးနယ်ပါတယ်။



အားလူးကြော်ပါ။ အာလူးတွေကို သင်ထားပြီး ရေစိမ်ထားပါတယ်။ ကြော်ခါနီးမှ ရေစစ်ပြီး ကြော်ပါတယ်။


ခုလို ဆောင်းရာသီမှာ အကြော်စုံပူပူနွေးနွေး နဲ့ မုန့် ပေါင်းဟာ အရမ်းလိုက်ဖက်ပါတယ်။



သူမရဲ့ ဆိုဒ်လေးကို အလည်လာရောက်ပေးကြသော ၊ လင့်ချိတ်ပေးကြသော မိတ်ဆွေများအားလုံးကို အထူးကျေးဇူးပါလို့ ။ ဂွစာဖြစ်သော သူမဟာ အရေးအသား ၊ စကားပြော မတက်သောကြောင့် အမှားပါရင်လည်း ခွင့်လွှတ်ကြပါလို့ ။ နောင်လည်း သူမချက်ထားသော ဟင်းလေးများ လာရောက်အားပေးကြပါလို့ ဖိတ်ခေါ်ပါရစေနော် :D