စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

27 Apr 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၁၉

ဒီတခါ nasi lemak ချက်မယ်နော်။ nasi lemak ချက်ဖို့ အတွက် လိုအပ်တာတွေကတော့-
  • ငရုတ်သီး အခြောက် (အရောင်လှအောင်)
  • ငရုတ်သီးစိမ်း (အစပ်အတွက်)
  • ကြက်သွန်နီ ၊ ဖြူ
  • ငနီတူခြောက် (သို့ ) ရခိုင်ခြောက်
  • မြေပဲ
  • ကြက်သား
  • သခွားသီး
  • ကြက်ဥ (သို့ ) ဘဲဥဆားငံ (ကြိုက်နှစ်သက်ရာ တစ်မျိုး)
 nasi lemak ချက်ဖို့ အနှစ်ရအောင် ချက်နည်းကတော့ ငရုတ်သီးခြောက် လက်နှစ်ဆုပ်စာလောက် ကို ရေနွေးဆူဆူမှာ ၅ မိနစ်ခန့် ပြုတ်ပြီး ဆယ်ထားပါ။ပြီးရင် ကြက်သွန်ဖြူ သုံးမွှာ၊ ကြက်သွန်နီ တစ်လုံး ၊ ငရုတ်သီးစိမ်းတောင့် (အစပ်ကြိုက်ရင် များများထည့်ပါ) လှီးထားတာတွေ အကုန်ပေါင်း ၊ ခုဏပြုတ်ထားတဲ့ ငရုတ်သီးခြောက်နဲ့ ရောပြီး ဘလန်ဒါ နဲ့ ကြိတ်ပေးပါ။

အဆင့်သင့်ဖြစ်ပြီဆို မီးဖိုပေါ် ဆီအိုးတင်ပြီး ကြက်သား၊ ငနီတူခြောက်(dried anchovy fish) ကို အစဉ်လိုက် ကြော်ပြီး ဆယ်ထားပါ။ ပြီးရင် ဘလန်ဒါနဲ့ ကြိတ်ထားတဲ့ ငရုတ်သီး အနှစ်ကို ကြော်ထားတဲ့ ဆီနဲ့ ပဲ ချက်လိုက်ပါ။
မြေပဲကတော့ အဆင်သင့်  ရှိလို့ ထပ်မကြော်တော့ဘူးနော်။ ကြက်ဥကတော့ ထမင်းအိုးချက်စဉ် တစ်ခါတည်း ထည့်ပြုတ်ထားပါတယ်။
အားလုံးအဆင့်သင့် ဖြစ်ပြီဆို ထမင်းပွဲပြင်ကာ စားသုံးနိုင်ပါပြီ။ တစ်ချို့ ကတော့ ထမင်းကို အုန်းနို့ နဲ့ ချက်ပါတယ်။ သူမတော့ ရိုးရိုးပဲ ချက်ပါတယ်။ ဘဲဥဆားငံလည်း မသုံးထားပါဘူး။ ငါးခြောက်ပါနေလို့ ။ မိတ်ဆွေ တို့ ကတော့ ကြိုက်နှစ်သက်သလို ချက်စားနိုင်ပါတယ်နော်။

ငရုတ်သီး ဟင်းအနှစ်က နောက်ရက်တွေ လည်း အထားခံပါတယ်။ မနက်ခင်းစာ အဖြစ် ကြာဇံကြော် ၊ ခေါက်ဆွဲကြော်နဲ့ လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

ရေနွေးဆူဆူနဲ့ ပြုတ်ထားတာပါ။
ဘလန်ဒါနဲ့ ခြေဖို့ အဆင့်သင့် လှီးထားတာပါ။

ငရုတ်နှစ်တွေ ရပါပြီနော် ။
nasi lemak is an extremely popular dish in m'sia


24 Apr 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၁၈

ဒီတခါ အလှည့်ကတော့ ချက်စား ဖြစ်တာတွေ တင်အုန်းမယ်နော်။ 
အာဗြဲခြောက် အစပ်ကြော်နဲ့ ပဲကုလားဟင်း ချက်ဖြစ်တယ်။
ပဲကုလားဟင်း ချက်ဖို့ တော့ ကုလားပဲတွေ တစ်ည ရေစိမ်ပြီး နောက်နေ့ ဗလန်ဒါ နဲ့ မွှေလိုက်တယ်။ ပဲဟင်းဆို ပဲမကျေရင် သူမက မကြိုက်လို့ မွှေလိုက်တာ။ ပဲကုလားဟင်းချက်ဖို့ ကြက်သွန်ဖြူ ၊ နီ ၊ ဂျင်း ထောင်းထားတာကို ဆီသတ် ၊ ပြီးရင် ကြိတ်ထားတဲ့ ကုလားပဲတွေ ထည့် ၊ အာလူးထည့် ရေများများထည့်ပြီး ကုလားပဲ နဲ့ အာလူး နပ်အောင် တည်ထားပါတယ်။ (သူမကတော့ ဒီနိုင်ငံက အာလူးကို ကမ္ဘာအာလူး လို့ နံမည်ပေးထားတယ်။ ချက်ရတာ အရမ်းကြာလို့ လေ :p)။ ရပြီဆို ရုံပတီသီး ၊ ခရမ်းသီး ၊ ပဲတောင့်ရှည် ၊ ခုဏကြော်တုန်းက ငရုတ်သီး မထည့်ခင် ဖယ်ထားတဲ့ အာဗြဲခြောက် အနည်းငယ် ထည့်၊ ဟင်းအိုး ကျတ်ခါနီးလောက်ကျ ပျင်းတော်သိမ် နဲ့ ကုလားလေး မဆလာ ထည့်အုပ်ပြီး စားလို့ ရပြီနော်။ ရှလွတ် ရှလွတ်




ပိတ်ရက်တုန်းက wet market သွားတော့ ထူးထူးခြားခြား ကျင်းမှိုတွေ တွေ့ တာနဲ့ တဗန်း ဝယ်လာပြီး ကန်စွန်းရွက် ၊ ငရုတ်သီး များများ နဲ့  အရည်သောက် သဘောမျိုးလေး ချက်စားဖြစ်တယ်။ 


ဆူးပုပ်ကြီးနဲ့ ကြက်ဥကြော် ။ သူမတော့ အနံ အရမ်းပျင်းတာ တွေ ချက်စားဖြစ်ခဲတယ်။  ဒါလည်း ဈေးသွား တဲ့  နေ့ တုန်းက ဆူးပုတ် တွေ့ တာနဲ့ ၃ စည်း ဝယ်လာပြီး ကြက်ဥ နဲ့ ကြော်စားတယ်လေ။ အိမ်မှာ ဆိုရင်တော့ ဆူးပုတ်ညွှန့် လေးတွေ ချည်း ကြော်စားလို့ ရပေမယ့် ဒီမှာတော့ အရမ်းကြမ်းတဲ့ အရွက်ကို ဖယ်ပြီး ကြော်တာတောင် ၃ စည်းမှ တစ်ပွဲစာပဲ ရတယ်လေ။ 


ငပိရည်လည်း ကြိုက်တယ်။ ကြိုရင် အိမ်နံမှာလည်း စိုးရင် ဒီနည်းလေး လုပ်စားကြည့်နော်။ ဒီနိုင်ငံမှာတော့ ဆိုင်တိုင်းမှာ တို့ စရာနဲ့ တွဲရောင်းတယ်။ တရုတ်ဆိုင်ဆိုရင်တော့ တို့ စရာ မပါပေမယ့် ဒီငပိဖျော်က ရတယ်လေ။ 
လိုအပ်တာကတော့ -

  • ငရုတ်သီးစိမ်း ၊ နီ (အရောင်လှအောင် နှစ်မျိုးရောဖို့ ပါ)
  • ငပိ
  • ရေ အနည်းငယ်
  • သံပုရာသီး
ငပိစိမ်းစားကို မဖုတ်ဘဲ ဒယ်အိုး ထဲထည့် ပြီးလှော် ပါတယ်။ ရရင် ဆယ်ယူပြီး ဘလန်ဒါထဲ ထည့်ကာ အားလုံး ရောမွှေပါတယ်။
ပြီးရင် သံပုရာရည် ရွှဲရွဲညှစ်၊ ဟင်းခတ်မှုန့်  (အရသာကောင်းအောင်) နည်းနည်း ထည့်ကာ  တို့ စရာနဲ့  တွဲဖက် သုံးဆောင်နိုင်ပါဘီရှင်။ 


  
မိတ်ဆွေ အပေါင်း စိတ်နှုလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ :)

17 Apr 2012

နှစ်ကူး ဗယာကြော်

နှစ်ဆန်းတစ်ရက်နေ့ မှာ ဘေးဘယာတွေ ကြော်သွားစေဖို့ အတွက် ဗယာကြော် စားသွားကြပါအုန်းရှင် ။ ဒီမနက် ထကြော်တာဆိုတော့ အလုပ်ချိန်ကလည်းနီး  မျက်ကလူးဆံပြာနဲ့ ကြော်ရ ရိုက်ရနဲ့ ဟိ ဝိုင်းဝိုင်းတစ်မျိုး ရှည်ရှည်တစ်မျိုး ပုံစံအမျိုးမျိုး နဲ့ သူမရဲ့ ဗယာကြော်ပါ။ မဆလာနံ့ မွှေးမွှေးလေး နဲ့ အရသာတော့ အလွန်ကောင်းပါတယ်။ :)))



နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ကြပါစေရှင် ။

12 Apr 2012

လုံးကြမယ်ဟေ့ ကောင်းကောင်း

အတာသင်္ကြန်ကာလမှာ သူမလည်း မုံ့ လုံးလေးတွေ လုံးမယ်နော်။ မုံ့ လုံးရေပေါ် လုပ်ဖို့ အတွက် လိုအပ်တာကတော့ -
  • ကောက်ညှင်းမှုန့် 
  • ဆန်မှုန့် 
  • ထန်းလျှက်
  • အုန်းသီးဆံ
ကောက်ညှင်း ၅၀၀ ဂရမ် အထုပ်သေး တဝက် ကို ဆန်မှုန့် rice cooker ခွက်ကြီး နဲ့ ၁ ခွက် ရောပါတယ် (မုန့် သားမာတာ ကြိုက်ရင်တော့ ဆန်မှုန့် ပိုထည့်ပေါ့နော် )။ သူမက မုန့် သားပျော့တာ ကြိုက်လို့ ကောက်ညှင်းပိုထည့်ပါတယ်။ မုန့် သားတွေ နယ်ပြီးပြီဆို လက်ပေါ်တင် မုံးလုံးလုံးပြီး စိပ်ထားတဲ့ ထန်းလျှက်တွေ ဌာပနာခါ ရေနွေး ဆူဆူထဲ ထည့်လိုက်ရုံပါပဲ ။ မုန့် လုံးလေးတွေ ကျတ်ပြီဆို ရေပေါ် ပေါ်လာရင် ဆယ်ယူပြီး ရေအေးထဲထည့်ပါ။ ပြီးရင် စားမယ့် ပန်းကန်ထဲဆယ်၊ အုန်းသီးဆံဖြူးကာ အတာတကူးမှာ ပျော်ရွှင်စွာ သုံးဆောင်နိုင်ပါဘီရှင် :D




သူမ၏ ဘလော့ဂ်လေးကို လင့်ချိတ်ပေးကြတဲ့ စီနီယာ ၊ ဂျူနီယာ အစ်ကို အစ်မများ နဲ့ မောင်ငယ် ညီမငယ်များ ၊ အချိန်ပေးပြီး လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်ရှင်။

နှစ်သစ်မှာ လိုအင်ဆန္ဒတွေ ပြည့်ဝပြီး စိတ်ချမ်းသာမှု အပေါင်း နဲ့ ပြည့်စုံကြပါစေ။

7 Apr 2012

စားကြမယ့်ဟေ့ ကောင်းကောင်း - ၁၇

ပြီးခဲ့တဲ့ တနင်္ဂနွေက သူငယ်ချင်း နှစ်ယောက် အလည်လာမယ်ဆိုတာနဲ့ မုန့် ဟင်းခါး ချက်ဖြစ်ပါတယ်။
မုန့်ဟင်းခါး အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ -
  • ငါးခူ
  • ကုလားပဲ ၊ ဆန်မှုန့် 
  • စပလင် ၊ ကြက်သွန်ဖြူ /နီ ၊ ဂျင်း ၊ အရောင်တင်မှုန့် 
  • ငှက်ပျောအူ
  • ကြက်ဥ
  • ငံပြာရည် 
  • ဆား 
  • ဟင်းခတ်မှုန့် 
  • ငရုတ်ကောင်း
  • မုန့် ဖတ်
  • နံနံပင် ၊ သံပုရာသီး ၊ ငရုတ်သီးအကြတ်မှုန့် 
မုန့် ဟင်းခါး မချက်ခင် အရင်တရက်ထဲက ကုလားပဲ နဲ့ မုန့် ဖတ်တွေ ရေစိမ်ထားပါတယ်။  မုန့် ဖတ်တွေ ရေကြာကြာ စိမ်ထားတော့ ခဏလေး ပြုတ်ရသလို ပိုပြီးစားကောင်းပါတယ်။ 
ချက်မယ်နေ့ ရောက်ရင် ကုလားပဲတွေ ဆယ် ၊ ရေနည်းနည်း ထည့်ပြီး ဘလန်ဒါ နဲ့ ချေထားပါတယ်။
ဆီသတ်ဖို့ အတွက် ငါးကို ရေစင်စင်ဆေး ၊ ဆား ၊ ဟင်းခတ်မှုန့် နဲ့ အသားထဲ ဝင်အောင် နယ်ပြီး စပလင် ၊ ငံပြာရည် ထည့်ကာ ပြုတ်ပါတယ်။ ငါးပြုတ်နေတုန်းမှာ ဂျင်း ၊ ကြက်သွန်ဖြူ / နီ ၊ စပလင်အရင်းပိုင်း ပါးပါးလှီး၊ အရောင်တင်မှုန့် ထည့်ကာ ထောင်းပါတယ်။ ငါးပြုတ်အိုး ရပြီဆို ငါးအသားတွေ နွှင်ထာပြီး ဆီသတ်ပါတယ် ။ 
ဟင်းရည်အိုးအတွက် ဆန်မှုန့် ရေဖျော်ထားတာရယ် ၊ ကုလားပဲ ရယ် ၊ ငါးပြုတ်ရည် ထည့်ပြီး တည်ထားပါတယ်။ ဟင်းရည်ပွက်လာပြီဆို ငါးဆီသတ်ထားတာထည့် ကြက်သွန်နီ ဥလိုက်ထည့် ဆား ၊ ဟင်းခတ်မှုန် ၊ ငှက်ပျောအူ ကြက်ဥပြုတ် ထည့်ပြီး ဟင်းရည်အိုး အရည်ကျအောင် တည့်ထားပါတယ်။ ဟင်းရည်အိုး အရည်ကျပြီဆို အပေါ့ ၊ အငံ မြည်း ပြီး လိုအပ်တာ ထပ်တည့်ကာ သုံးဆောင်လို ရပါပြီ။

ပဲကပ်ကြော်တာ အရမ်းလွယ်ပါတယ်။ ရေစိမ်ထားတဲ့ ကုလားပဲထည့် ၊ အကြော်မှုန့် ထည့် ၊ ဆား၊ ဟင်းခတ်မှုန့် ၊ ဆိုဒါ အနည်းငယ်ထည့် ၊ ရေများများနဲ့ ဖျော်ကာ ပဲကပ်ကြော်ပါတယ်။

သူမတို့ သူငယ်ချင်း သုံးယောက်စားတာ တစ်ယောက် အကြိုက်တစ်မျိုးစီ။ ဒါကြောင့်လည်း လူတစ်ကိုယ် အကြိုက်တစ်မျိုးလို့ ပြောကြတာကိုး :)))
ပဲကြော်သေးသေးလေးတွေ ချေထည့်တာ မကြိုက်တဲ့ သူငယ်ချင်း ပန်းကန်

အကြော်ထည့်စားတာ မကြိုက်ဘူး ၊ ဆီကြတ် များများ(များလေ ကောင်းလေ)နဲ့ 
မှ ကြိုက်တယ်ဆိုတဲ့ သူငယ်ချင်း ရဲ့ ပန်းကန်။ နှစ်ယောက်လုံး ငှက်ပျောအူ သိပ်မကြိုက်ဘူးတဲ့ဗျာ။

ဒါကတော့ ငှက်ပျောအူ လောဘကြီးတဲ့ သူမပန်းကန် ။
ဖုန်းနဲ့ ရိုက်လိုက်တော့ ကာလာမှောင်သွားသလိုပဲ









မုန့် ဟင်းခါး ချက်ရင်းနဲ့ တလက်စတည်း ငါးမွှေကြော်လုပ်ဖြစ်ပါတယ်။ မုန့် ဟင်းခါး ချက်ဖို့ အတွက် ငါးခူ ပြုတ်တုန်း ငါးကြင်း အကောင်ကိုပါ တခါတည်း ထည့်ပြုတ် ၊ အသားနွှင် ၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊နီ ၊ စပလင် ထောင်းထားတာကို ဆီသတ်ပြီး အသားနွှင်တားတဲ့ ငါးကို ထည့်ကာ ငါးမွှေကြော် လုပ်စားဖြစ်ပါတယ်။ အအီပြေအောင် ချဉ်ပေါင် ချဉ်ရည် ဟင်းနဲ့ လိုက်ဖတ်ပါတယ်။

မုန့် ဟင်းခါးစားပြီး အချို စားချင်ရင် Keria မုန့် အချိုပါ။ အရသာက အညာဘုရား ပွဲတွေမှာ ဧည့်ခံလေ့ရှိတဲ့ အညာတရာ မုန့် အရသာမျိုးပါ။ စားရတာ အရသာ ရှိသလို ဈေးလည်း ချိုပါတယ်။


အချိုစားပြီး အချဉ်လေး အစားပိတ်စားဖို့ အတွက် ဝယ်ထားတဲ့ သရက်သီးထဲက စိမ်းတာလေးရှာပြီး ငံပြာရည် ၊ ငရုတ်သီး အကြတ်မှုန့် ထည့်ကာ စားဖြစ်ပါတယ်  ။ အဲဒီနေ့ က မုန့် ဟင်းခါးတွေရော ၊ သရက်သီးတွေ ရော လုပ်စားတာ ဘာမှ မဖြစ်လို့ တော်သေး :P